Monday, July 16, 2007

ထိုင်းယဉ်ကျေးမှုအကြောင်း တစေ့တစောင်း

လူကြီးသူမများနှင့် ဂုဏ်အားဖြင့် ရိုသေ ထိုက်သူများ ရှေ့မှောက်တွင် ဒူးတုတ် ထိုင်တတ်သော ထိုင်းထုံးစံမှာ မြန်မာ့ ဓလေ့နှင့် တူလှပေသည်။ အိန္ဒိယနိုင်ငံ နှင့် အလားသဏ္ဍာန် ဆင်စွာ ဇာတ်နိမ့်မြင့် ခွဲခြားမှု ရှိသောကြောင့် ထိုင်းတစ်ယောက်နှင့် အဆင်ပြေစွာ ပြောနိုင်သော စကားကို အခြား ထိုင်းတစ်ယောက်နှင့် အဆင်ပြေစွာ မပြောဆို နိုင်သည်မှာ မဆန်းလှဘဲ စကားပြော လိုက်သည်နှင့် မည်သည့် အဆင့်အတန်း၊ ပတ်ဝန်းကျင် ကလာသည် ဆိုသည်ကို ထိုင်းများက ချက်ချင်း ခွဲခြားနိုင် ကြလေသည်။ မြန်မာများက လေယူလေသိမ်း ကိုလိုက်ပြီး ထားဝယ် သံ၊ မြိတ်သံ၊ ယောသံ၊ အညာသံ စသည်ဖြင့် ခွဲခြား သိသကဲ့သို့ ထိုင်း လေယူလေသိမ်း မှာလည်း နေရာကို လိုက်ပြီး ကွဲပြား ခြားနားမှု ရှိလေသည်။

မြန်မာများနှင့် လုံးဝ ကွဲပြား ခြားနားသော အချက်ကား တခြားမဟုတ်။ ထိုင်းများသည် ထိပ်တိုက် စိန်ခေါ်ခြင်းကို မုန်းပြီး ရိုင်းသည်ဟု သမုတ်ကာ ကွယ်ရာ မှသာ လက်သီးပုန်း ထုတတ်ပြီး သည်လို တိုက်ကွက်ကို ယဉ်ကျေး နူးညံ့ သည်ဟု သတ်မှတ်ခြင်း ပင်ဖြစ်လေသည်။

ထိုင်းအပြုံး မှာလည်း အဓိပ္ပာယ် များစွာ ရှိလေသည်။ မြန်မာများတွင် ကြည်နူးပြုံး၊ ကြေကွဲပြုံး၊ မချိပြုံး၊ လှောင်ပြုံး စသည်ဖြင့် မျိုးစုံ ရှိသော်လည်း ထိုင်းအပြုံးမှာ မျက်လုံးသေဖြင့် နှုတ်ခမ်းတွန့် ချိုးထားသော အပြုံးသေကြီး ဖြစ်ရာ သူ့စိတ်ရင်း သဘောထားကို တော်ရုံ အတွေ့အကြုံ ရှိသူပင် လုံးဝ မသိနိုင်ပေ။ ထိုအပြုံးမျိုးကို ချစ်လဲပြုံး၊ မုန်းလဲပြုံး၊ ကူညီ လည်းပြုံး၊ ဒုက္ခ ပေးလည်း ပြုံးကြလေရာ တော်တော် ကြောက်ဖို့ ကောင်းလေသည်။

ထိုင်းအပြုံး ကဲ့သို့ပင် “ဟုတ်ကဲ့” ဆိုသော စကား တွင်လည်း အဓိပ္ပာယ် များစွာ ရှိလေသည်။ ယင်းတို့မှာ
၁. ဟုတ်ကဲ့၊ ကြားပါတယ်။ ဆိုလိုချင်တာ ကိုတော့ သဘောမပေါက်ပါ။
၂. ဟုတ်ကဲ့၊ ကြားပါတယ်။ သဘော ပေါက်ပေမယ့် သဘော မတူလို့ ရှင့်လို လိုက်မလုပ် နိုင်ပါဘူး
၃. ဟုတ်ကဲ့၊ ကြားပါတယ်။ သဘောပေါက်ပြီး သဘောတူပါတယ်။ တို့ဖြစ်လေသည်။
သို့သော် ထိုင်းများသည် လွန်စွာ အားနာ တတ်သောကြောင့် သင့်ကို“ဟုတ်ကဲ့”တစ်ခွန်းသာ ပြောမည် ဖြစ်ပြီး နောက်ဆက်တွဲ စာသားများ ကိုတော့ ပြောမည် မဟုတ်ပါချေ။

ထို့ပြင် မည်မျှ စိတ်ဆိုးဖွယ် ကောင်းသော စော်ကား ရိုင်းပျသော စကားကို ကြားသည် ဖြစ်စေ၊ စိတ်တည်ငြိမ် စွာယဉ်ကျေးဟန် ပြုံးပြီး စော်ကားသော စကားကို ရယ်စရာ လုပ်ပစ်လိုက် တတ်သော ထိုင်းအကျင့်ကို အထင် အမြင် သေးစွာဖြင့် “ရင်မဆိုင် ရဲလို့ ကြောက်လို့ သည်းခံသည်” ထင်ပါမူ လွန်စွာ မှားမည် ဖြစ်ပါသည်။ အမှန်မှာမူ မိမိကိုယ်ကို သဘောထား ကြီးဟန်ဆောင်ကာ တဘက်သားကို ရိုင်းစိုင်း အောက်တန်းကျသူ အဖြစ် ပေါ်လွင်အောင် တမင် ချိုးခြင်း ဖြစ်ပါသတည်း။

ငှက်လွှတ်ခြင်း၊ ကျောင်းကန် ဘုရားများတွင် ဖိနပ်ချွတ်ခြင်း၊ ကြီးသူ၊ ရိုသေထိုက်သူ များနှင့် ရင်ဆိုင် တွေ့လျှင် လက်အုပ်ချီကာ ဦးညွတ် အရိုအသေ ပြုခြင်းနှင့် လူကြီးသူမ ရှေ့တွင် ရိုသေသော ဟန်ပန် မူရာဖြင့် နေထိုင်ခြင်း တို့သည် မြန်မာများနှင့် မစိမ်းသော၊ ဆင်တူသော ထိုင်းယဉ်ကျေးမှု များဖြစ်သဖြင့် မြန်မာများ အတွက် နေထိုင်ရတာ သက်တောင့် သက်သာ အရှိဆုံးဟု ဆိုကြရမည့် နိုင်ငံခြား တိုင်းပြည် ဖြစ်ပါသည်။

No comments: